သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ( ၂၅-၂-၂၀၂၅)နေ့ နံနက်ပိုင်း၌ အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)သို့ ရောက်ရှိပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် သင်တန်းများ နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲကို အင်ဂျင်နီယာ ဘာသာရပ်များ အလိုက် စာမေးပွဲခန်းအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများ ရွှင်လန်းချမ်းမြေ့စွာ စာမေးပွဲဖြေဆိုနေမှု အခြေအနေများကို ကျောင်းအုပ်ကြီး၊ တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် အလုပ်ရုံများနှင့် ကျောင်းဝင်းသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ကျောင်းသားလူငယ်များအား အရည်အသွေး ပြည့်မီစွာ စဥ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် လိုအပ်သည်များကို မှာကြားခဲ့သည်။ စာမေးပွဲပြီးချိန်၌ ဒုတိယဝန်ကြီးသည် ဖြေဆိုပြီးသည့် ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ကာ အသက်မွေးဝမ်းကျောင်း နည်းပညာကျွမ်းကျင်မှုများ ပြည့်ဝရုံအပြင် ဗလငါးတန်နှင့် ပြည့်စုံ၍ ကျင့်ဝတ်၊ စည်းကမ်းများကို လေးစားလိုက်နာသော အမှန်တကယ် အားထားရသည့် နိုင်ငံ့အဖိုးတန်လူငယ်များ ဖြစ်စေရေး ကြိုးပမ်းစွမ်းဆောင်ကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။