၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် ၆-၂-၂၀၂၅နေ့ နံနက်ပိုင်းတွင် အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်)၌ “အမြဲတည်တံ့စေ ပြည်ထောင်စုအမွေ” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပရာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ ဒုတိယဝန်ကြီးသည် စုဝေးခန်းမအတွင်း စာစီစာကုံးပြိုင်ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ စိတ်အား ထက်သန်စွာ စာစီစာကုံးရေးသားဖြေဆိုနေမှုများကို နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာဌာနအလုပ်ရုံများကို ကြည့်ရှုစစ်ဆေးပြီး လက်တွေ့သုံး စက်ပစ္စည်းများ ပြင်ဆင်ထားရှိမှုများ၊ ကျောင်းသားများ သုတေသနများ ဆောင်ရွက်မှုများနှင့် ရလဒ်အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒေသတွင်း ပြည်သူများ၏ နည်းပညာလိုအပ်ချက်များကို လက်တွေ့ကျကျ ဖြည့်ဆည်းပေးနိုင်မည့် သုတေသနပရောဂျက်များ၊ လက်တွေ့လုပ်ငန်းများဖြင့် ရှင်သန်သက်ဝင်နေသော အလုပ်ရုံများ အစဥ်ဖြစ်စေရေး အလေးထား ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာဒုတိယဝန်ကြီးက ကျောင်းသားများအား ကျောင်းသားလူငယ်ထုအတွင်း နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး ပြည်ထောင်စုချစ်စိတ်များ ပိုမိုရှင်သန်နိုးကြားလာစေရေး၊ ပြည်ထောင်စုမပြိုကွဲရေး စိတ်ဓာတ်များ ကိန်းဝပ်မြင့်မားကာ ပြည်ထောင်စုအမွေကို အဓွန့်ရှည်တည်တံ့အောင်ထိန်းသိမ်းကြစေရေးနှင့် ပြည်ထောင်စုကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော် တည်ဆောက်ရာတွင် နည်းပညာကျောင်းသားလူငယ်စွမ်းအားစုများက တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်ရေး တို့ကို အဓိကရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားကာ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများထံ ဆုများကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ပြီး ကျောင်းစာကြည့်တိုက်အတွက် သုတ၊ရသ စာအုပ်များကို ကျောင်းအုပ်ကြီးနှင့် ကျောင်းသားများထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။
